ဒီကားကြီးတွေပေါ်မှာ
**************
ဒီကားကြီးတွေပေါ်မှာ ဒို့တွေအတွက်တော့
လယ်ယာခင်းတွေအပေါ် ရွာချမယ့်
မိုးရေစက်တွေပါတယ်။
ငှက်ကျေးတို့ရဲ့ တေးဆိုသံတွေ ပါတယ်။
ဒို့တွေရဲ့ အဆုတ်အတွက်
လေသန့်ထုတ် စက်ရုံတွေပါတယ်။
ကန္တာရကို အန်တုမယ့်
အစိမ်းရောင်ခြုံထည်တွေပါတယ်
လိုအပ်ချက်တွေကို ဖြည့်စွမ်းမယ့်
သဘာဝတရားရဲ့ မှော်သေတ္တာတွေပါတယ်။
ဒို့ခလေးတွေရဲ့
ရယ်သံလွင်လွင်လေးတွေ ပါတယ်။
ဒီကားကြီးတွေပေါ်မှာ သူတို့တွေအတွက်တော့
ဘဏ်ကငွေစာရင်းကို တိုးမယ့်
ကိန်းဂဏန်းတွေပဲ ပါ ပါတယ်။

No comments:
Post a Comment